
ကိုယ်၀န်ဆောင် ဆီးချိုဆိုတာဘာလဲ
ကိုယ်၀န်ဆောင်မိခင်တွေ ဆီးချို၊ သွေးချို ရောဂါဖြစ်ခြင်း ၂ မျိုးရှိပါတယ်။
တခုက ဆီးချို၊ သွေးချို အစတည်းက ရှိတဲ့အမျိုးသမီး တစ်ယောက် ကိုယ်၀န်ဆောင်ခြင်းနဲ.
နောက်တခုက ကိုယ်၀န်ဆောင်တဲ့အချိန်မှ ဟော်မုန်းတွေပြောင်းလဲလို. ဆီးချို၊ သွေးချို ဖြစ် ခြင်းပါ။ ကိုယ်၀န်ဆောင်တဲ့အချိန်မှာ အချင်း ကနေ ထွက်တဲ့ ဟော်မုန်းဟာ အင်ဆူလင် လို.ခေါ်တဲ့ သကြား ထိန်းတဲ့ ဟော်မုန်းကို တားမြစ်ပါတယ်။ ထိုတားမြစ်မှုဟာ အချို.ကိုယ်၀န်ဆောင်သည်တွေမှာ သိပ်မသိသာပေမယ့် အချို.မှာ ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို မထိန်းညှိနိုင်တော့ပဲ ကလေးကို ပါ အန္တရာယ် ရှိစေနိုင်ပါတယ်။ ကိုယ်၀န် ဆောင်စဉ်မှာ ဖြစ်တဲ့ ဆီးချို၊ ရောဂါက ကလေးမွေးပြီး များသောအားဖြင့်ပြန်ပျောက်သွားတတ်ပါတယ်။
ဘယ်လိုသိနိုင်မလဲ
ကိုယ်၀န် ၂၄ ပတ်ကနေ၂၈ပတ်မှာ 1 hour glucose test ဆိုပြီး ကိုယ်၀န်ဆောင်သည်တိုင်းကို သကြားရည်တိုက်ပြီး ၁ နာရီအကြာ မှာ သွေးဖောက်စစ်ပါတယ်။ ပုံမှန်ထက်များနေတဲ့သူတွေကို 3 hours glucose test ထပ်စစ်ခိုင်းပြီးမှ ရောဂါရှိမရှိသိနိုင်ပါတယ်။
ကိုယ်၀န်ဆောင် ဆီးချို၊သွေးချို ဖြစ်ခဲ့ရင် ဆိုးကျိုးတွေကဘာတွေလဲ
ကိုယ်၀န်ဆောင် ဆီးချို၊သွေးချို ဖြစ်ခဲ့ရင် မိခင်မှာ ဆိုးကျိုးတွေရှိသလို ကလေးမှာလည်း ဆိုးကျိုး တွေရှိပါတယ်။ကလေးမှာဘာဖြစ်တတ်လဲဆိုရင် ကိုယ်၀◌န်ပျက်ကျခြင်း၊ ကလေး ကိုယ်အလေးချိန်လွန်ကဲခြင်း ဆီးချို၊သွေးချို ရောဂါသည်မိခင်ကမွေးလာတဲ့ကလေးငယ်ဟာ ၉ ပေါင် အထက်ထွားနေမယ်။ အဲ့လိုလူကသာထွားနေပေမယ့် ခန္ဓာကိုယ် အတွင်းက ကိုယ့်အဂါအစိတ် အပိုင်းတွေက မရင့်ကျက်တတ်တာတွေ.ရတယ်။ အဆုတ်ပွခြင်း၊အသက်ရှုလမ်းကြောင်းတွေ ပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်နိုင်သလို အရမ်းကြီးထွားနေတဲ့အတွက် မွေးရိုးမွေးစဉ်မမွေးနိုင်တဲ့အတွက် ညှပ်နဲ.ဆွဲရမယ်၊လေနဲ.စုပ်ရမယ်၊ဗိုက်ခွဲမွေးရတာတွေရှိနိုင်တယ်။
ဘယ်လိုကာကွယ်မလဲ
ကိုယ်၀န်ဆောင်စဉ်မှာသတ်မှတ်ထားတဲ့အလေးချိန်ထက် အများကြီးတိုးမလားအောင် အ၀မလွန်အောင်ထိန်းသိမ်းမယ်၊ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်မယ်၊ အချိုလွန်ကဲတဲ့ အစားအစာတွေ အလွန်အကျွံမစားဘူးဆိုရင် အတိုင်းအတာတစ်ခုထိ တားဆီးကာကွယ်လို.ရပါတယ်။
ကိုယ်၀န်ဆောင်ဆီးချို ဖြစ်ပြီဆိုရင် ဘာဆက်လုပ်ရမလဲ
ဆရာ၀န်ကအခြေအနေ ဘယ်လောက်ဆိုးတာပေါ်မူတည်ပြီး ဘာဆက်လုပ်ရမလဲ ပြောပါလိမ့်မယ်။ များသောအားဖြင့် diet control အစာနဲ.ပဲ ထိန်းခိုင်းပါတယ်။ ကစီဓာတ်များတဲ့ အစာတွေကို လျော့မယ်။ သကြား အချိုတွေမစားဘူး အသီးအရွက်များများ စားပြီး နေ.စဉ်လမ်းလျောက်တာပဲပြီးဖြစ် အခြား exercises ပဲဖြစ်ဖြစ် လုပ်ပါ။ Glucometer နဲ့တနေ.ကို လက်ထိပ်ကို ၄ ကြိမ် ဖောက်ရပါတယ်။ မနက်မိုးလင်း အိပ်ရာထ တစ်ခါ၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားပြီး တခါစီ အားလုံးပေါင်း ၄ကြိမ်ဖောက်ရပါတယ်။
မနက်မိုးလင်း အစာမစားခင် level က <90 အောက်
အစာစားပြီးတိုင်း တိုင်းတဲ့ level က <140 အောက်မှာ ရှိနေရင် diet control ဖြစ်လို. ဘာဆေးမှစားစရာမလိုပါဘူး။ အကယ်၍ မထိန်းနိုင်ခဲ့ဘူးဆိုရင် ဆရာ၀◌န်က စားဆေး သို.မဟုတ် အင်ဆူလင် ကို ထိုးခိုင်းပါလိမ့်မယ်။
ကိုယ်၀န်ဆောင်ဆီးချို ဖြစ်ပေမယ့် ဆီးချို ထိန်းနိုင်ရင်ပုံမှန် ကလေးမွေးဖွားနိုင်ပါတယ် ဘာနောက်ထွက်ဆိုးကျိုးမှ မရှိပါဘူး။ စိတ်ဓာတ်မကျပါနဲ.။
ကျမ ပထမကိုယ်၀န်မှာ ကိုယ်၀န်ဆောင်ဆီးချို ဖြစ်တုန်းက အကြောင်း tips တွေနဲ့ တနေ.တာ သွေးချို တိုင်း ကိရိယာနဲ. စားပြီး တိုင်းပြထားတဲ့ video ကို အောက်မှာကြည့်နိုင်ပါတယ်။
ကိုယ်၀န်ဆောင်သည်တွေမှာလိုအပ်တဲ့ အဓိကအဟာရကြီး (၃)မျိုးရှိပါတယ်။ (carbohydrate )ကစီဓာတ်၊ (protein) အသားဓာတ်၊ (fat) အဆီဓာတ် အပြင် အခြား သင့်တင့်မျှတတဲ့အစားအစာထဲမှ ဗီတာမင်ဓာတ်တွေပါဖို,လိုပါတယ်။ ဆီးချိုသမားတွေမှာ အဓိကအကျဆုံးက ကစီဓာတ်ပါ။
ကိုယ်၀န်ဆောင်ဆီးချိုသမားတွေအတွက် ကစီဓာတ်ဘယ်လောက်စားသင့်လဲဆိုတာသိထားရင် diet management ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကျမတို.မြန်မာလူမျိုးတွေရဲ.နေ.စဉ်အစာကထမင်းများများ အသားဟင်းနည်းနည်း စားတတ်ကြပါတယ်။ ထမင်းမစားရရင် မနေနိုင်ကြတာမို. ကိုယ်စားမယ့်အစားအစာတွေထဲမှာ သကြားဓာတ်ဘယ်လောက်ပါလဲသိပြီး portion control လုပ်ပြီး နည်းနည်းဆီခွဲစားနိုင်ပါတယ်။
General guidelines
- တနေ့ကို မနက်စာ နေ့လည်စာ ညစာအပြင် သရေစာ ၂ ခါစားပါ။
- ၂ နာရီ ၃ နာရီကြားတခါ အစာစားပါ
- သွေးထဲမှာသကြားဓာတ်တက်စေတဲ့ carbohydrate ကစီဓာတ်ဟာ ထမင်း၊ ခေါက်ဆွဲ ပေါင်မုန့်တို့ထဲမှာတွေ့နိုင်ရုံတင်မကအသီး နွားနို့ ဒိန်ချဉ်တို့ထဲမှာလည်းရှိပါတယ်။
- ထမင်းစားပြီး အချိုပွဲစားသုံးခြင်း၊အသီးစားသုံးခြင်း ဖျော်ရည်သောက်ခြင်းရှောင်ပါ။
- Carbohydrate စားရင် အသားဓာတ်တမျိုးမျိုးနဲ့တွဲဖက်စားပါ။
- ဘာမှ မစားပဲ ၁၀ နာရီလောက်ကြာအောင်နေခြင်းမှ ရှောင်ပါ။ ( အထူးသဖြင့် ညဘက် စောစောစားရင် နောက်နေ့မနက်စာစားတာ နောက်မကျပါစေနဲ့)
- ထမင်းမှမဟုတ်ပါဘူး ဆန်နဲ.လုပ်ထားတဲ့အစားအစာတွေ ခေါက်ဆွဲမျိုးစုံ၊ သရေစာတွေ starchy vegetables ကန်စွန်းဥ၊အာလူး တို.ဟာလည်းသကြားဓာတ်တက်စေတာမို. ချင့်ချိန်ပြီး စားရမယ့်အထဲမှာပါပါတယ်။
- သကြားဓာတ်ဟာ ခရမ်းချဉ်သီး ဆော့ တို့ ခရုဆီတို့ ပဲငံပြာရည်အချိုတို့လို ဟင်းချက်ရင် သုံးတဲ့အရာတွေထဲမှာလည်းပုန်းနေနိုင်ပါတယ်။
- အပြင်ကမှာစားလို့ သကြားဓာတ်ဘယ်လောက်ပါမယ်မှန်းမသေချာရင် တထိုင်တည်းမစားပဲနည်းနည်းချင်းခွဲစားပါ။
- စားမယ့်အစားအစာ တခုရဲ. carbohydrate ပမာဏ ဘယ်လောက်ရှိလည်း အင်တာနက်မှာရှာဖွေနိုင်သလို package အထုတ်တွေရဲ. အနောက်မှာရေးထားတဲ့ nutrition label မှာလည်းဖတ်လို.ရပါတယ်။
အစားအစာမှာပါရမယ့်carbohydrate ပမာဏ
မနက်စာ ၃၀ ဂရမ်
နေ့လည်စာ ၄၅ ဂရမ်
ညစာ ၄၅- ၆၀ ဂရမ်
ကြားထဲမှာစားတဲ့သရေစာ တခါစား ၁၅ ဂရမ်
ဘယ်လိုတိုင်းတာရမှန်းမသိရင် nutritional label ကျမတွက်ပြထားတဲ့ video လေးမှာကြည့်ပါ။
တိုင်းတာဖို့ ပစ္စည်းတွေမရှိရင် မျက်လုံးနဲ့ခန့်မှနိးနိုင်ပါတယ်။
ထမင်း တခွက် က လက်သီးလုံးတစ်လုံး
၁ အောင်စ က လက်မအရွယ်
၃ အောင်စ က လက်ဖဝါးအရွယ်
လက်ဖက်ရေဇွန်း ၁ ဇွန်းက လက်မလက်သည်းခွံအရွယ် စသဖြင့် အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။
Tips
၁. မေ့တတ်ရင် ထမင်းစားပြီး ၁ နာရီ အကြာ သကြားဓာတ်တိုင်းဖို့ alarm ပေးပါ
၂. Note book လုပ်ပါ။ သွေးချို တက်စေတဲ့ စားလိုက်တဲ့ အစာတွေကို ရေးချပါ။ နောက်တခါ ရှောင်ဖို.
၃. Portion control လုပ်ပါ။ စားချင်လွန်းလို အချိုမရှောင်နိုင်ရင် သေးသေးလေးတွေပိုင်းပြီး အိပ်နဲ.ထည့်ပါ။ ကိတ်တခုလုံးရှေ့မှာ ထိုင်မစားပါနဲ.
၄. အစာစားပြီးလမ်းလျောက်ပါ
၅. Sugar free အစာတွေကို အစားထိုးမစားပါနဲ. မရှောင်နိုင်လို. စားချင်ရင် carb ဘယ်လောက်ပါလဲကြည့်ပါ။ မရှောင်နိုင်လို.သကြားအစားထိုးစားချင်ရင် stevia သကြားကတော့ စိတ်အချရဆုံးပါ။
၆. ရေများများသောက်ပါ ။ဖျော်ရည်မသောက်ပါနဲ.
၇. ပိုပြီး အနားယူပါ။ စိတိညစ်မခံပါနဲ့ အိပ်ရေးဝအောင်အိပ်ပါ.. stress hormone cortisol က သကြားဓာတ်ကိုပိုတက်စေပါတယ်။
၈. ပြီးခဲ့တာတွေအတွက် နောင်တရ စိတ်ညစ်မနေပါနဲ. နောက်တနပ် မှာ ဘယ်လို အဆင်ပြေအောင် စားမလဲပဲ စဉ်းစားပါ
၉. ကလေးမွေးပြီးရင် ဘာစားမလဲ list လုပ်ပါ။ စိတ်မလျော့ပါနဲ. ကျန်းမာတဲ့ကလေးလေးမွေးဖွားမယ့် အကြောင်းသာစဉ်းစားပါ။
၁၀. Carbohydrate သေချာ တွက်ပြီးစားနေရက်သားနဲ့ အမြဲ leaves တက်နေရင် စားနေကျ ထမင်းကို ဆန်ပြောင်းကြည့်ပါ။ ထမင်းစားပြီး နာရီဝက်လမ်းလျှောက်ပါ။
၁၁. ခန္ဓာကိုယ်မှာအစာမလုံလောက်ရင်လည်း အသည်းက ကူညီတဲ့အနေနဲ့ အဆီတွေထဲကနေ သကြားဓာတ်ကို ထုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင်လည်း သကြားဓာတ်တွေက မစားပဲများနေတတ်တာမို့ လုံလောက်တဲ့ အစာကိုစားပါ။




